ကိုယ်ဝန်ဆောင်ချိန် သွေးပေါင်ကျခဲ့ရင်
ကိုယ်ဝန်ဆောင်ချိန်မှာ သွေးတိုးတာက အဖြစ်များပေမယ့် သွေးပေါင်ကျတာကလည်း ဖြစ်တတ်တဲ့ ပြဿနာ တစ်ခုပါ။ ဒါကြောင့်လည်း ကိုယ်ဝန်ဆောင်မိခင်တွေကို ပုံမှန် ကျန်းမာရေး စစ်ဆေးမှု လုပ်တဲ့အခါ သွေးပေါင်ချိန်ကိုလည်း စစ်ဆေးရတာပါ။ ကိုယ်ဝန်ဆောင်ချိန် သွေးပေါင်ကျတာက ကိုယ်ဝန်ဆောင်ကာလ ဒုတိယ ၃ လပတ် နဲ့ တတိယ ၃ လပတ်မှာ အဖြစ်များပါတယ်။ ဒီလိုမျိုး ကိုယ်ဝန်ဆောင်ချိန်မှာ သွေးပေါင်ကျခဲ့ရင် သက်သာစေဖို့ ဘယ်လို ဖြေရှင်းလို့ ရမလဲဆိုတာကို စာလေးထဲမှာ ကိုယ်တိုင် ဖတ်ကြည့်လေ့လာလိုက်ပါလို့ အကြံပြုပါရစေနော်။
ကိုယ်ဝန်ဆောင်ချိန်မှာ သွေးပေါင်ကျတာ စိုးရိမ်စရာကောင်းသလား?
ကိုယ်ဝန်ဆောင်ချိန်မှာ သွေးပေါင်ကျတာက ပုံမှန်အားဖြင့်တော့ စိုးရိမ်စရာ မကောင်းပါဘူး။ အဖြစ်များတဲ့ အကြောင်းအရင်းကတော့ ကိုယ်ဝန်ဆောင်ချိန်မှာ မိခင်ရဲ့ ခန္ဓာကိုယ်ကို သန္ဓေသားကို လက်ခံနိုင်စေဖို့ ဖြစ်ပေါ်လာတဲ့ အပြောင်းအလဲတွေနဲ့ ဟော်မုန်းအပြောင်းအလဲတွေကြောင့် သွေးပေါင်ကျတတ်ပါတယ်။
အချို့သော အခြေအနေတွေမှာတော့ ပြင်းထန်တဲ့ ကျန်းမာရေးပြဿနာတွေရဲ့ လက္ခဏာတွေ ဖြစ်နေတတ်ပြီး ရင်သွေးငယ်ကို ထိခိုက်တာမျိုးတွေ ဖြစ်စေနိုင်တာကြောင့် သတိထားတာကတော့ မမှားဘူးပေါ့။
သွေးပေါင်ကျနေတာလား?
ကိုယ်ဝန်ဆောင်မိခင် တစ်ယောက်အနေနဲ့ သွေးပေါင်ကျနေပြီဆိုရင် စိတ်ရှုပ်ထွေးတာ၊ မူးဝေတာ၊ အားနည်းတာ၊ ခြေကုန်လက်ပမ်းကျတာတွေကို ခံစားရနိုင်သလို အမြင်အာရုံတွေ ဝေဝါးတာ၊ မအီမသာဖြစ်တာ၊ အော့အန်တာ၊ ခေါင်းထဲက ပေါ့ပေါ့ကြီးနဲ့ မူးတာ၊ အသားတွေအေးပြီး ချွေးစေတွေ ပြန်တာ၊ အသားအရောင် ဖျော့တော့တာမျိုးတွေ ခံစားရနိုင်ပါတယ်။
ပြင်းထန်မယ်ဆိုရင်တော့ သတိလစ်တာမျိုးအထိ ခံစားရနိုင်ပါတယ်။
ကိုယ်ဝန်ဆောင်မိခင် သွေးပေါင်ကျရင် သက်သာစေဖို့
ကိုယ်ဝန်ဆောင်မိခင် သွေးပေါင်ကျရင် သက်သာစေဖို့အတွက် အရင်ဆုံး
နားနားနေနေ နေစေပါ - သွေးပေါင်ကျလို့ ချွေးစေးတွေ ပြန်နေပြီဆိုရင် အရင်ဆုံး လေဝင်လေထွက် ကောင်းမယ့်နေရာမှာ သက်တောင့်သက်သာလေး အနားယူစေပါ။ လေဝဝရှူဖို့လည်း သတိပေးပါ။
ရေတိုက်ပါ - နောက်တစ်ချက် လုပ်ရမှာက အခန်း အပူချိန်အတိုင်း ရှိနေတဲ့ ရေအေးအေး တစ်ခွက်ကို တိုက်ပေးပါ။ ဒီလို လုပ်ပေးတာက သွေးပေါင်ကျတာကို သက်သာစေဖို့ ထောက်ကူပေးပြီး သွေးထဲက အောက်ဆီဂျင်ပမာဏကို တက်စေမှာပါ။
ဓာတ်ဆားရည် တိုက်ပါ - သွေးပေါင်ကျတာကို သက်သာစေဖို့ အထိရောက်ဆုံး ဖြေရှင်းနည်းတစ်ခုက ဓာတ်ဆားရည် တိုက်ပေးတာပါ။ ဓာတ်ဆားရည် တိုက်ပေးတာက ခန္ဓာကိုယ်ထဲက ဆုံးရှုံးသွားတဲ့ ရေဓာတ်နဲ့ ဓာတ်ဆားဓာတ်တွေကို ဖြည့်တင်းပေးပြီး သွေးပေါင်ချိန်ကို ပုံမှန်ဖြစ်အောင် ထိန်းညှိပေးနိုင်မှာပါ။
အဝတ်အစားကို ချောင်ချောင်ချိချိ ဖြစ်အောင် ထားပါ - အဝတ်အစားတွေကို လေဝင်လေထွက် ကောင်းစေမယ့် ချည်သား ပွပွချောင်ချောင်လေးတွေကို ဝတ်ဆင်ပေးတာက သွေးပေါင်ကျနေချိန်မှာ သက်တောင့်သက်သာဖြစ်စေဖို့ ထောက်ကူပေးနိုင်မှာပါ။
နီးစပ်ရာ ဆေးခန်းကို ခေါ်သွားပေးပါ - အပေါ်က နည်းလမ်းတွေကို လုပ်ပေးပြီးပြီဆိုရင်တော့ နီးစပ်ရာ ဆေးခန်းကို ခေါ်သွားပြီ လိုအပ်တဲ့ ကျန်းမာရေး စောင့်ရှောက်မှုကို ခံယူပေးပါ။
ဒါမှ မိခင်ကိုရော ဗိုက်ထဲက ရင်သွေးလေးကိုပါ ထိခိုက်မှု ကင်းစေမှာပါ။
မွန်မွန်